ကျွန်ုပ်တို့၏ ဘလော့ဂ်သည် ကြော်ငြာများ လုံးဝမပါဝင်ဘဲ ဘလော့ဂ်ထဲ ဝင်ရောက်ကြည့်ရှုသူအပေါင်း သုတ၊ရသ အကျိုးများရရှိရန်သက်သက်သာ ဖြစ်သည်။

Monday, January 3, 2022

နှစ် ၅၀ ကျော်သည့်တိုင် အဖြေရှာမတွေ့သေးတဲ့ D.B. Cooper လေယာဥ်ပြန်ပေးဆွဲမှု

အမေရိကန်မှာ ၁၉၆၁ နဲ့ ၁၉၇၂ နှစ်အတွင်း လေယာဥ်ပြန်ပေးဆွဲမှုပေါင်း ၁၅၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ လော့စ်အိန်းဂျလိစ် မှ ဆန်ဖရန်စစ္စကိုသို့ ပျံသန်းတဲ့ TWA လေယာဥ်တစ်စင်း ပြန်ပေးဆွဲခံရလို့ ခရီးစဥ်ပြောင်းပြီး အီတလီသို့ပျံသန်းခဲ့ရတာကြောင့် ကမ္ဘာပေါ်မှာ အချိန်အကြာရှည်ဆုံး လေယာဥ်ပြန်ပေးဆွဲမှု ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ၁၄ နှစ်အရွယ်လူငယ်တစ်ဦးက Delta လေယာဥ်တစ်စင်းကို ထိန်းချုပ်မောင်းနှင်ဖို့ ကြိုးစားခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး လေယာဥ်ပြန်ပေးဆွဲမှု ဖြစ်ခဲ့ပါတယ်။


လေယာဥ်ပြန်ပေးဆွဲသူတွေက များသောအားဖြင့် ပိုက်ဆံ၊ နိုင်ငံရေးအကျဥ်းသားများကို လွတ်ပေးဖို့ သို့မဟုတ် ကျူးဘားနိုင်ငံသို့ ပျံသန်းခိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျူးဘားကို ပထမဆုံးဆင်းသက်ခဲ့တဲ့ ဘိုးအင်းဂျက်လေယာဥ် ၇၄၇ ဟာ နဂိုက နယူးယောက်မှ ပေါ်တူရိဂိုမြို့တော် ဆန်ဟွမ်သို့ ပျံသန်းဖို့ဖြစ်ပြီး ၁၉၇၀ ခုနှစ်မှာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ လေယာဥ်ပြန်ပေးဆွဲသူများရဲ့အကြောင်း သတင်းစာခေါင်းကြီးပိုင်းမှာ ထင်ရှားကျော်ကြားခဲ့ပြီး လူအများရဲ့ စိတ်ဝင်တစား ဆွဲဆောင်မှုရှိခဲ့တာကြောင့် အတုယူကြိုးစားခဲ့တဲ့လူတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း မည်သူတစ်ဦးတစ်ယောက်ကမှ အမေရိကန်ရဲ့ ဝေဟင်ကောင်းကင်မှာ ယနေ့အထိ အဖြေရှာလို့မတွေ့သေးတဲ့ လေယာဥ်ပြန်ပေးဆွဲမှုကို ဖန်တီးနိုင်ခဲ့တဲ့ ဒန်ကူးပါး (Dan Cooper) ဆိုတဲ့လူလောက် သတင်းမီဒီယာရဲ့ အာရုံစိုက်ခံရမှု နဲ့ ပြည်သူအများရဲ့ စိတ်ဝင်စားဆွဲဆောင်နိုင်မှု မရှိခဲ့ကြပါဘူး။


၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်မှာ အွန်ရီဂွန်ပြည်နယ် ပို့လန်းမြို့ မှ ဆီယဲတယ်မြို့သို့ ပျံသန်းမဲ့ Northwest Orient လေကြောင်းလိုင်းမှ ဘိုအင်းဂျက် ၇၂၇ လေယာဥ်တစ်စင်းပေါ်မှာ 'ဒန်ကူးပါး' လို့ နာမည်ပေးထားတဲ့ ခရီးသည်တစ်ဦး လိုက်ပါခဲ့ပါတယ်။ သူက လေယာဥ်ထွက်ခါနီး တစ်နာရီလောက်အလိုမှာ လေယာဥ်လက်မှတ်ကို စက္ကူငွေသားနဲ့ ဝယ်ယူခဲ့ပါတယ်။
လေယာဥ်ထွက်ခွာပြီး ခဏအကြာမှာ လေယာဥ်မယ်တစ်ဦးကိုစာရွက်တစ်ခုပေးခဲ့ပြီး သူရဲ့လက်ဆွဲအိတ်ထဲမှာ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတစ်လုံးပါတယ်လို့ ရေးထားပြီး ဒေါ်လာ ၂ သိန်း နဲ့ လေထီး ၄ ခုကို တောင်းဆိုထားပါတယ်။ ဆီယဲတယ် မှာ လေယာဥ်ဆိုက်တဲ့အခါ Dan Cooper ရဲ့ တောင်းဆိုချက်အတိုင်း လိုက်လျောပေးခဲ့ပါတယ်။ ကျန်တဲ့ခရီးသည်များကို လွတ်ပေးပြီး လေယာဥ်ပေါ်မှ ဆင်းခွင့်ပြုခဲ့တယ်၊ လေယာဥ်ကိုဆီဖြည့်တယ်၊ ပြီးတော့ လေယာဥ်ကို အမြင့်ပေခပ်နိမ့်နိမ့် မောင်းခိုင်းပြီး နီဗားဒါပြည်နယ် ရီးနိုမြို့ (Reno) ကတဆင့် မက္ကဆီကိုနိုင်ငံသို့ပျံသန်းဖို့ လေယာဥ်မှုးတွေကို အမိန့်ပေးခဲ့ပါတယ်။


လေယာဥ်ဆက်လက်ထွက်ခွာပြီး ဝါရှင်တန်ပြည်နယ် တောင်ဖက်ခြမ်းဧရိယာပေါ်မှာ ဖြတ်သန်းနေစဥ် ည ၈ နာရီအချိန်မှာ ဒန်ကူပါးက လေယာဥ်အနောက်ဖက် အမြီးပိုင်းမှရှိတဲ့လှေခါးကို အောက်သို့ဆွဲချဖွင့်လိုက်ပြီး ဒေါ်လာ ၂ သိန်း နဲ့ လေထီး ၂ ခုယူကာ လေယာဥ်ပေါ်မှ ခုန်ချသွားပါတယ်။


ဒီနေ့ထက်ထိ Dan Cooper က ဘယ်သူလဲ? လေယာဥ်ပေါ်က ခုန်ဆင်းသွားတာ အသက်ကောရှင်ခဲ့သလား? ဆိုတာ အဖြေရှာမတွေ့သေးပါဘူး။ နှစ်ပေါင်း ၅၀ ကျော်လွန်ခဲ့ပေမဲ့ ထူးဆန်းအံ့ဩဖွယ်ရာ ဒန်ကူးပါးရဲ့ အကြောင်းဇာတ်လမ်းကို ပေါ့ပ်ယဥ်ကျေးမှု၊ ရုပ်ရှင်၊ စာအုပ်၊ သီချင်းတွေထဲမှာ ရည်ညွှန်းဖော်ပြခဲ့ပြီး၊ ရာဇဝတ်မှုဗေဒပညာရှင်များကိုပါ ဆွဲဆောင်ဖမ်းစားနေဆဲ ဖြစ်ပါတယ်။ ဒန်ကူးပါးကို သူရဲကောင်းသဖွယ်အားကျပြီး အတုယူကြိုးစားခဲ့တဲ့ လူတွေတချို့ရှိခဲ့ပေမဲ့ အားလုံးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။


ဒန်ကူးပါးအကြောင်းကို စိတ်ဝင်စားလွန်းလို့ လုပ်ကြံသတင်းဖန်တီးတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ပေါက်ဖွားခဲ့ပြီး ပျောက်ဆုံးသွားတဲ့ သူရဲ့အဖြစ်အပျက်ဇာတ်လမ်းကို အယူအဆအမျိုးမျိုးနဲ့ ရေးသားဖော်ပြထားတဲ့ စာအုပ်ဆောင်းပါးတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ D.B. Cooper ဆိုတဲ့ နာမည်ကလည်း သတင်းထောက်တစ်ဦးရဲ့ မတော်တဆ စာလုံးပေါင်းမှားယွင်းမှုကြောင့် ဒီနာမည်အတိုင်း တွင်ခဲ့တာဖြစ်ပါတယ်။


လေယာဥ်ခရီးသည်တွေရဲ့ မျက်မြင်သက်သေ ဖော်ပြချက်ကို အခြေခံပြီး သံသယရှိနိုင်သူများစွာကို ဖော်ပြခဲ့ကြပါတယ်။ (အမှုကိုကိုင်တွယ်စစ်ဆေးတဲ့ ထောင်လှမ်းရေးအာဏာပိုင်တွေက အများစုဟာ မဟုတ်မှန်ကြောင်း ဆိုခဲ့ပါတယ်)။ မျက်မြင်သက်သေတို့ရဲ့ ဖော်ပြချက်အရ ဒန်ကူးပါးဟာ အရပ် ၅ ပေ ၁၀ လက်မခန့်၊ အသက် ၄၀ ပတ်ဝန်းကျင်အရွယ် အသားညိုသူလို့ သိရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ကိုးရီးယား နဲ့ ဗီယက်နမ်တို့မှာ လေထီးသင်တန်းတက်ခဲ့သူ တစ်ယောက်ယောက်ဖြစ်နိုင်တယ်လို့ ခန့်မှန်းယူဆခဲ့တာကြောင့် သံသယရှိသူ အရေအတွက်အများအပြား ရှိခဲ့ပါတယ်။


ဘိုးအင်း ၇၂၇ လေယာဥ်က အနိမ့်မှာပျံသန်းနိုင်တယ်၊ လေယာဥ်ပျံသန်းနေစဥ်အတွင်းမှာ အမြီးပိုင်းအနောက်ဖက်မှာ တပ်ဆင်ထားတဲ့လှေခါးကို အောက်ကိုဆွဲချပြီးဖွင့်နိုင်တယ် စသဖြင့် ဘိုအင်းဂျက်လေယာဥ်အကြောင်း ဗဟုသုတတွေကို ဒန်ကူးပါးက ကောင်းကောင်း သိထားပုံရတာကို မြင်ခဲ့ရပါတယ်။ ဒါကြောင့် သူဟာ အရပ်ဖက်ဆိုင်ရာ သို့မဟုတ် စစ်ဖက်ဆိုင်ရာ လေကြောင်းပျံသန်းမှုတွေနဲ့ ရင်းနှီးမှုရှိနိုင်တာကြောင့် အမေရိကန်လေတပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက် ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ အယူအဆမျိုးလည်း ထွက်လာခဲ့ပါတယ်။


လေယာဥ်ပေါ်က ခုန်ချသွားချိန်မှာ သူဟာ အသက်ရှင်ကျန်နိုင်မှာ မဟုတ်ဘူးလို့ ပညာရှင်တချို့ကလည်း ယူဆခဲ့ပါတယ်။ ဒါပေမဲ့ FBI က အဲဒီယူဆချက်ကို ဖယ်ရှားခဲ့တာကြောင့် ဒန်ကူးပါးဆိုတဲ့နာမည်က အလိုအရှိဆုံးစာရင်းမှာ ဆယ်စုနှစ်များစွာကြာတဲ့အထိ ရှိနေခဲ့ပါတယ်။ FBI မှ သူဓားပြတိုက်သွားတဲ့ ဒေါ်လာငွေစက္ကူများရဲ့ နံပတ်စီးရီးတွေကို ဖော်ပြခဲ့ပြီး ၁၉၈၀ ခုနှစ်က ဝါရှင်တန်မြစ်ထဲမှာ ငွေစက္ကူတချို့ကိုသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။


လေယာဥ်ပြန်ပေးဆွဲမှုက ကျေးဇူးတော်ပွဲတော်နေ့ ( Thanksgiving) မတိုင်ခင်တစ်ရက်မှာ ဖြစ်ပွားခဲ့တာကြောင့် အများပြည်သူရုံးပိတ်ရက်အတွင်းမှာ ရဲအာဏာပိုင်တွေရဲ့ လုပ်ကိုင်တုန့်ပြန်မှု နှေးကွေးနိုင်မှာကို တွက်ဆခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမှလည်း ရုံးပိတ်အားလပ်ရက်အတွင်း အိမ်ကိုပြန်ရောက်နိုင်ဖို့ အချိန်လုံလောက်မှာဖြစ်ပြီး တနင်္လာနေ့မှာ ပုံမှန်ရုံးတက်အလုပ်ဆင်းမဲ့ လူတစ်ယောက်ကို ဘယ်သူကမှ သံသယရှိမှာ မဟုတ်ပါဘူး။


အမှုကိစ္စကို ဖြေရှင်းနိုင်မှုမရှိသေးတာရယ် နောက်ပြီးတော့ ပါသွားတဲ့ငွေပမာဏကလည်း ကြီးမားတာကြောင့် မီဒီယာများ နဲ့ လာဘ်မြင်ပြီး ပျောက်ဆုံးနေတဲ့ငွေတွေကို ရှာဖွေလိုသူများက ဒန်ကူးပါးရဲ့ဇာတ်လမ်းကို နှစ်ပေါင်းများစွာကြာအောင် နောက်ကြောင်းပြန် စူးစမ်းလေ့လာခဲ့ကြပါတယ်။ လေယာဥ်ပြန်ပေးဆွဲမှု ၁၅ နှစ်ပြည့်တဲ့ ၁၉၈၆ ခုနှစ်မှာ FBI အရာရှိဟောင်း Richard Tosaw က ဒန်ကူးပါးရဲ့ရုပ်အ​လောင်းကို ရအောင်ရှာတွေ့ဖို့ ကြိုးစားခဲ့ပါတယ်။ ကိုလံဘီယာမြစ်ထဲမှာ ရှိနိုင်တယ်လို့ ယုံကြည်ခဲ့ပြီး Scuba ရေငုတ်သမားတစ်ဖွဲ့နဲ့ ကြိုးစားရှာဖွေခဲ့ပါတယ်။


"ပိုက်ဆံတချို့ကို ရှာတွေ့ခဲ့တဲ့နေရာကစပြီး မြစ်ရဲ့ရေဆန်အထက် နောက်ထပ် ၁ မိုင်အကွာအဝေးအထိ ကျနော်တို့ဆက်ပြီး ရှာဖွေသွားမှာ ဖြစ်ပါတယ်။ ဒန်ကူးပါးရဲ့အရိုးစုနဲ့ သူရဲ့နောက်ကြောမှာ လေထီးရှိနေအုံးမယ်လို့ မျှော်လင့်ထားပါတယ်။ ပျောက်နေသေးတဲ့ ဒေါ်လာ ၁၉၄,၀၀၀ ကလည်း သူရဲ့ခါးပေါ်က ချည်ထားတဲ့အိတ်ထဲမှာ ရှိနေအုံးမယ်" လို့ Richard Tosaw က ပြောခဲ့ပါတယ်။


အမှုကိုအဖြေရှာဖော်ထုတ်နိုင်ဖို့ ဆုလာဘ်ကြေးငွေ ရနိုင်တာကလည်း ဆွဲဆောင်မှုတွေရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့တာထင်ရှားပါတယ်။ ဒါပေမဲ့ ဓားပြတွေ နဲ့ ဘဏ်ဓားပြတိုက်သူတွေအပေါ် အမြင်သဘောထား ဆက်ဆံရေးဘယ်လိုရှိခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်တွေရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ခုထဲမှာ ဒန်ကူးပါးက အံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်။ ဒန်ကူးပါးက မည်သည့်ခရီးသည် တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ဒဏ်ရာရရှိအောင် မလုပ်ခဲ့တဲ့အတွက် သူရဲ့ဓားပြတိုက်မှုကို "အပြစ်မဲ့သူများကို တိုက်ခိုက်ခြင်း" လို့ ခေါ်ဆိုတဲ့အစား "အာဏာပါဝါရှိသူများကို တော်လှန်တိုက်ခိုက်ခြင်း" ဆိုပြီး ခေါင်းစဥ်တပ်နိုင်ခဲ့မှာ ဖြစ်ပါတယ်။


၁၉၃၀ နှစ်များတုန်းက ဘဏ်လုပ်ငန်းတွေကို ဓားပြတိုက်လုယက်ခဲ့တဲ့ John Dillinger ကို လူအများရဲ့ နှစ်သက်အားကျမှု ဆွဲဆောင်နိုင်မှုရှိခဲ့သလို ဒန်ကူးပါးကလည်း အာဏာပါဝါကင်းမဲ့တဲ့ လူဘောင်လောကအမြင်ရှိပြီး အနိုင်ရယူသွားတဲ့ သူ့လိုလူပုံစံမျိုးနဲ့ ကိုက်ညီခဲ့ပါတယ်။ (၁၉၃၀ နှစ်များက စီးပွားရေးပျက်ကပ် ဆိုက်ရောက်ခဲ့ပြီး ပြည်သူအများအပြား ဘဏ်ချေးငွေ ပြန်မဆပ်နိုင်ခဲ့တာကြောင့် လူနေအိမ်များကို ဘဏ်များမှ ပြန်လည်သိမ်းယူခဲ့ပါတယ်။ ဒါကြောင့် ဘဏ်လုပ်ငန်းတွေကို 'ရာဇဝတ်ကောင်လူဆိုးများ' အဖြစ် ပြည်သူများက မြင်ခဲ့ကြပါတယ်)။


ဒန်ကူးပါးနဲ့ပတ်သက်ပြီး ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းမှာပဲ နယူးယောက်တိုင်းမ်သတင်းစာမှ သူရဲကောင်းသဖွယ် ရေးသားဖော်ပြခဲ့ပါတယ်။ "D.B. Cooper ဆိုတဲ့နာမည်က ဂန္တဝင်လူစွမ်းကောင်း မဟုတ်သေးပါဘူး။ Jesse James သို့မဟုတ် Black Bart တို့လိုမျိုးအဆင့်ထဲ မရောက်နိုင်သေးပါဘူး၊ ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ နီးစပ်လာပါပြီ" လို့ ဖော်ပြခဲ့ပါတယ်။


ပို့လန်းမြို့မှ တီရှပ်တံဆိပ်နှိပ်ကုမ္ပဏီ မန်နေဂျာ Allen King ကို နယူးယောက်တိုင်းမ်မှ အင်တာဗျူးခဲ့ရာမှာ "D.B. Cooper, where are you?” စာတန်းပါ တီရှပ်အင်္ကျီအထည် ၃၀၀၀ ရောင်းခဲ့ရပြီလို့ ဆိုပါတယ်။ အခုချိန်အထိ FBI မှ ဖော်ပြခဲ့တဲ့ ဒန်ကူးပါးရုပ်ပုံပါ တီရှပ်အင်္ကျီကို အွန်လိုင်းမှတဆင့် ဝယ်ယူလို့ရပါတယ်။


ဒန်ကူးပါးအမှုကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေကို လူအများက ဂရုမစိုက်ဘဲ ပျက်ရယ်ပြုခဲ့ကြပါတယ်။ ၁၉၇၆ ခုနှစ် နိုဝင်ဘာလမှာ ပို့လန်းမြို့ တရားရုံးဂျူရီအဖွဲ့မှ John Doe (ခ) Dan Cooper နာမည်တပ်ပြီး statute of limitations ကန့်သတ်ချိန် ကျော်လွန်မသွားခင်မှာ ဒန်ကူးပါးကို လေကြောင်းပိုင်နက်ကျူးလွန်မှုပုဒ်မနဲ့ တရားစွဲဆိုခဲ့ပါတယ်။ (statute of limitations - မှုခင်းတစ်ခုအား သတ်မှတ်ကန့်သတ်ထားတဲ့အချိန်ကာလ မကျော်လွန်ခင်အတွင်းမှာ တရားစွဲဆိုမှုကို စတင်ဆောင်ရွက်နိုင်ပြီး အကယ်၍ ကန့်သတ်ကာလ ကျော်လွန်သွားပါက အမှုကိုတရားစွဲဆိုခြင်း မပြုလုပ်နိုင်တော့ပါဘူး)။


၁၉၇၁ ခုနစ်မှ ၂၀၁၆ ခုနှစ်အတွင်း FBI မှ သံသယရှိသူပေါင်း ၁၀၀၀ ကျော်ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဒီအထဲမှာ ထင်ပေါ်ကျော်ကြားမှု ရယူလိုတဲ့ လူပေါင်းစုံပါဝင်ပြီး၊ deathbed confessors လို့ခေါ်ကြတဲ့ သေဆုံးခါနီးအချိန်ကျမှ အပြစ်ဝန်ခံလိုသူတွေလည်း ပါဝင်ခဲ့ပါတယ်။..


1 comment: