ကျွန်ုပ်တို့၏ ဘလော့ဂ်သည် ကြော်ငြာများ လုံးဝမပါဝင်ဘဲ ဘလော့ဂ်ထဲ ဝင်ရောက်ကြည့်ရှုသူအပေါင်း သုတ၊ရသ အကျိုးများရရှိရန်သက်သက်သာ ဖြစ်သည်။

Monday, January 17, 2022

Cloud Atlas (2012)

Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့
ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်
များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။

Review

ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို


ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။
ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ
ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။

Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး

အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ၂၁၀၀၊
နောက်တော့ လူ့ယဉ်ကျေးမှုပျက်ဆီးသွားတဲ့ ခေတ် စတဲ့ မတူညီတဲ့ ခေတ် ၆ ခေတ်ကဖြစ်ပါတယ်။

ဇာတ်လမ်းဆင်ထားတဲ့ ပုံကအရမ်းအံ့အော်စရာ
ကောင်းပါတယ်။ ဇာတ်ကားတစ်ကားတည်းနဲ့ ဇာတ်ကား ၆ ကားကို တစ်ခါတည်းကြည့်ရသလို
ပါပဲ။ အဲ့ဇာတ်ကား ၆ ကား ဟာလည်း တစ်ခုနဲ့တစ်ခု theme မတူညီတဲ့အတွက်

အပေါ်မှာရေးထား သလို
Adventure, Drama, Thriller, Scifi, Action, Mystery, Fantasy, Comedy ခံစားမှုပေါင်းစုံနဲ့ ရိုက်ကူးထားပါ
တယ်။ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ ဒီလိုမတူညီတဲ့ ခေတ် ၆ ခေတ်မှာ မတူညီတဲ့ ဇာတ်ကောင် ၆
ယောက်ရဲ့ ဇာတ်လမ်းကို တစ်ပြိုင်တည်း တင်ဆက်ထားတာမှာ

ဇာတ်လမ်းအတက်အကျတွေဟာ တစ်ပြေးညီဖြစ်

နေတာပါပဲ။ ဇာတ်လမ်း ၇ ပုဒ်ကို တစ်ခါတည်းပြဖို့ ကြိုးစား ထားတာဖြစ်တဲ့အတွက်

စစချင်းတော့ ဘယ်သူက ဘာတွေမှန်းမသိ ခေါင်းတွေမူးနောက်နေခဲ့ပေမယ့် ဇာတ်ကြောင်းတွေပေါ်လာလေလေ

နောက်ဘာဆက်ဖြစ်မလဲဆိုပြီး ၇ ပုဒ်လုံး ဇာတ်ကောင် ၆ ယောက်လုံးကို စိတ်ဝင်စားလာအောင်၊

ပြီးတော့ အဲ့ ဇာတ်ကောင် ၆ ယောက်ကို ဘယ်လို ချိတ်ဆက်ထားလဲဆိုတာကို သိချင်လာအောင် ရိုက်ပြထားပါတယ်။

ဒီကားမှာသုံးထားတဲ့ Make-up ကိုတော့ တော်တော်လေးကြိုက်
ပါတယ်။ မင်းသား၊ မင်းသမီး အတူတူပေမယ့် Make-up ကြောင့် နောက်ဆုံးစာတမ်းထိုးတော့မှ သြော်၊ အဲ့တာလည်း

သူတို့ပါပဲလားဆိုပြီး သိရတာပါ။ အချုပ်ပြောရရင်တော့ Cloud Atlas ဟာတော်တော်ကောင်းတဲ့ကား၊ ထူးခြားတဲ့ကားတွေထဲမှာပါပါတယ်။

ဇာတ်လမ်းက ခေတ် ၇ ခေတ်ကို တစ်ခါတည်းရိုက်ပြထားတာဆိုတော့ ကြည့်ပြီးတဲ့လူတွေအတွက်

နည်းနည်းရှုပ်နေနိုင်တဲ့အတွက်

ထုံးစံအတိုင်း ရေးနိုင်သလောက် Synopsis လေးရေးထားပါတယ်။

ဒီကားက တစ်ချို့အတွက်တော့ ဇာတ်လမ်းစ၊ဆုံးမလိုပေမယ့်
တစ်ချို့အတွက်တော့ တစ်ချို့အတွက်တော့ ရှင်းလင်းချက်ဟန်
က လိုနေပါလိမ့်မယ်…မဟုတ်ရင် ခေါင်းအနည်းငယ်နောက်နိုင်လို့
ပါ…
ဒီလိုရှင်းလင်းချက်အညွှန်းတွေအတွက် ကူးယူဖော်ပြခွင့်ပြုသော
DatShin နှင့် ခဲရာခဲဆစ် ဒိုင်ယာလော့ပေါင်းများစွာကို
စိတ်ရှည်လက်ရှည်ဘာသာပြန်ပေးသော Crystal Win တို့အား
အထူးပင်ကျေးဇူးတင်ရှိပါသည်…
ရှင်းလင်းချက်မလိုတဲ့သူများ စပွိုင်လာမိမှာကြောက်သူများ
ဆက်မဖတ်ဘဲ ဒေါင်းနိုင်ပါပြီ



*******************************************************************

Adam Ewing
ပထမ ဇာတ်ကောင်ကတော့ ၁၈၀၀ ခုနှစ်ပတ်ဝန်းကျင်က ရှေ့နေတစ်ယောက် ဖြစ်တဲ့ Adam Ewing ဖြစ်ပါတယ်။ Adam ရဲ့ယောက္ခကြီးဟာ ပစိဖိတ်ကျွန်းဆွယ်တွေပေါ်က ကျွန်တွေသွားဝယ်ဖို့ Adam ကိုစေလွှတ်ခဲ့ပါတယ်။ ပစိဖိတ်ကနေ အိမ်ကိုအပြန် ကျွန်တစ်ယောက် က သင်္ဘောပေါ်ခိုးလိုက်လာပြီး သူ့ကိုကူညီဖို့ Adam ကိုအသနားခံခဲ့ပါတယ်။ သဘောကောင်းတဲ့ Adam က captain ကိုပြောပြီးအဲ့ကျွန်ကို သင်္ဘောသား အဖြစ်လက်ခံစေကာကယ်တင်ခဲ့ပါတယ်။ သင်္ဘောရဲ့ ဆရာဝန် Dr. Henry Goose ဟာ Adam ရဲ့ခန္ဓာကိုယ်ထဲမှာ သန်ကောင်တွေရှိနေတယ်ဆိုပြီး ဆေးကုပေးသလိုလိုနဲ့ လိမ်ညာပြီး Adam ရဲ့ပစ္စည်းတွေကို ခိုးဖို့ကြိုးစားခဲ့ ပါတယ်။ Adam ကယ်ခဲ့တဲ့ ကျွန် Autua က Adam ကိုပြန်ကယ်လိုက်တော့ Adam ရဲ့ကျွန်တွေအပေါ်ထားတဲ့ စိတ်ထားပြောင်းလဲသွားပြီး အိမ်ပြန်ရောက် တဲ့အခါ သူနဲ့သူ့မိန်းမဟာ အိမ်ကိုဆန့်ကျင်ကာ ကျွန်စနစ်ဆန့်ကျင်ရေး သမားတွေဖြစ်လာခဲ့ပါတယ်။ အိမ်ပြန်လမ်းခရီးမှာ Adam ကြုံခဲ့ရတာတွေကို စာအုပ်ထုတ်လုပ်ခဲ့ပါတယ်။

Robert Frobisher & Rufus Sixsmith
ဒုတိယဇာတ်ကောင်ကတော့ ၁၉၃၀ နှစ်များမှာနေထိုင်ခဲ့တဲ့ တေးဂီတ ပညာရှင် Robert Frobisher ဖြစ်ပါတယ်။ သူ့မှာ Rufus Sixsmith လို့ ခေါ်တဲ့ ချစ်သူ (နှစ်ဦးလုံးဟာ အမျိုးသားများဖြစ်ပါတယ်။) တစ်ယောက်ရှိပါတယ်။ Robert ဟာ နာမည်ကြီး ဂီတစပ်ဆိုသူတစ်ဦး ဖြစ်လာအောင်လို့ ဂီတပညာရှင်အဖိုးကြီး Vyvyan Ayrs ထံမှာ အလုပ်လုပ်ခဲ့ ပါတယ်။ သူ့ထံမှာအလုပ်လုပ်ရင်းနဲ့ Cloud Atlas Sextet ကိုစပ်ဆိုခဲ့ပါတယ်။ ဒီတေးသွားကို အရမ်းကြိုက်သွားတဲ့ အဖိုးကြီး Ayrs ကအပိုင်စီးဖို့ကြိုးစားတဲ့ အခါမှာတော့ အဖိုးကြီးကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ ဒါပေမယ့် အဖိုးကြီးက မသေပဲ Robert ကိုလိုက်ရှာဖို့ ရဲတွေလွှတ်လိုက်ပါတယ်။ Robert ဟာ သူရဲ့တေးသွား Cloud Atlas ကိုပြီး ဆုံးအောင်ရေးသားခဲ့ပြီး သူရဲ့ချစ်သူထံကိုပို့လိုက်ပါတယ်။ နောက်တော့ ကို့ကိုယ်ကို အဆုံးစီရင်လိုက်ပါတယ်။ Sixsmith က အဲ့တေးသွားကို အသံသွင်းခဲ့ပြီး ထုတ်ဝေခဲ့ပါတယ်။

Luisa Rey
တတိယဇာတ်ကောင်ကတော့ ၁၉၇၀ ခုနှစ်က ဂျာနယ်လစ် Luisa Rey ဖြစ်ပါတယ်။ Luisa က ဒုတိယဇာတ်လမ်းက Rufus Sixsmithနဲ့ သိကျွမ်း ရင်းနှီးခဲ့ပါတယ်။ Rufus ကဒီအချိန်မှာ အဖိုးကြီးဖြစ်နေပြီး နာမည်ကြီး ရူပဗေဒ ပညာရှင်ကြီးဖြစ်နေပါပြီ။ Sixsmith ဟာ နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခုအတွက်အလုပ်လုပ်ခဲ့ပြီး ဆိုးရွားတဲ့လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ အဲ့တာကတော့ အဲ့ဓာတ်ပေါင်းဖိုဟာ ရေနံ company တစ်ခုက ထောင်ပေးထားတာဖြစ်ပြီး တစ်ချိန်မှာ ပေါက်ကွဲနိုင်အောင် စီမံထားတာပါပဲ။ အဲ့တော့မှာသာ လူတွေက နျူကလီယားစွမ်းအင်ဟာ မလုံခြုံဘူးဆိုပြီး ရေနံပေါ်မှာသာ မှီခိုနေအောက် စီမံထားခြင်းဖြစ်ပါတယ်။ ဒါကို သတင်းထောက်မ Luisa ကိုပြောပြဖို့ကြိုးစားတဲ့ Sixsmith ဟာအသတ်ခံခဲ့ ရပါတယ်။ Luisa ဟာဒီအမှုကိုလိုက်ရင်းနဲ့ Sixsmith ဆီကိုတစ်ချိန်တုန်းက သူ့ချစ်သူ Robert ပေးပို့ခဲ့တဲ့စာတွေနဲ့ Robert ရဲ့ Cloud Atlas Sextet ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုပိုင်ရှင် Lolyd Hook ဟာ Luisa ကိုသတ်ဖို့ လူသတ်သမား Bill Smoke ကိုလွှတ်ခဲ့ပေမယ့် နောက်ဆုံးမှာ Luisa ဟာအမှန်တရားကို ထုတ်ဖော်ခဲ့ပြီး Hook ရဲ့ဓာတ်ပေါင်းဖိုဟာ ပိတ်လိုက်ရပါတယ်။

Timothy Cavendish
လေးခုမြောက်ဇာတ်လမ်းကတော့ ၂၀၁၂ ခုနှစ်မှာနေထိုင်ခဲ့တဲ့ စာအုပ်တိုက်အသေးစားလေးတစ်ခုရဲ့ပိုင်ရှင် Timothy Cavendish ရဲ့အကြောင်းဖြစ်ပါတယ်။ Cavendish ဟာ လူဆိုးတစ်ယောက် တစ်ရောက်ရဲ့ ကိုယ်ရေးဝတ္ထုကိုထုတ်ပေးခဲ့ပါတယ်။ အဲ့လူဆိုးဟာ ဝေဖန်ရေး ဆရာတစ်ယောက် ကို တိုက်ပေါ်ကပစ်ချပြီး (ဓာတ်ရှင်အဖွဲ့သားတွေလည်း သတိထားနေမှာပဲ) ထောင်ထဲဝင်သွားတော့ သူ့စာအုပ်ဟာ သောက်သောက် လဲရောင်းအားတွေတက်လာပါတယ်။ အဲ့မှာထောင်ထဲဝင်သွားတဲ့ လူဆိုးကြီးက Timothy Cavendish ဆီကို တပည့်လူဆိုးတွေလွှတ်ပြီး သူ့ရဲ့ ရှယ်ရာကိုတောင်းပါတော့တယ်။စာအုပ်ရောင်းရငွေတွေကို အကြွေးတွေ အကုန်ဆက်လိုက်ရလို့ ပေးစရာ ပိုက်ဆံမရှိတော့တဲ့ Timothy ဟာ သူရဲ့အစ်ကို ထံသွားပြီးအကူအညီတောင်းတော့ သူအစ်ကိုက ဟိုတယ်တစ်ခု မှာသွားရောက်ပုံးအောင်းနေဖို့ အကြံဉာဏ်ပေးပါတယ်။ အဲ့ဟိုတယ်ကိုသွားနေတုံး ရထားပေါ်မှာ Timothy Cavendish ဟာ တတိယ ဇာတ်လမ်းထဲက ဇာတ်လိုက်မ Luisa Rey အကြောင်းရေးထားတဲ့ လျှို့ဝှက်သဲဖိုစာအုပ်ကို ဖတ်နေတာတွေ့ရပါတယ်။ သူ့အစ်ကို ပြောထားတဲ့ ဟိုတယ်ဟာအမှန်တော့ ဟိုတယ်မဟုတ်ပဲ လူအိုရုံကြီးတစ်ခုဖြစ်နေပါတယ်။ ကျေးဇူးကန်းတဲ့ သားသမီးတွေဟာ အသက်ကြီးလာတဲ့ မိဘတွေ ဒီမှာလာ ပစ်ထားကြပြီး ဝန်ထမ်းတွေကလည်း အဖိုးအဖွားတွေကို အကျဉ်းသားတွေ အလားကိုင်တွယ်ပြီး လုံးဝအပြင်ထွက်ခွင့်မရတဲ့ လူအိုရုံကြီးဖြစ်ပါတယ်။ Timothy ဟာဒီလူအိုရုံကြီးကနေ ဖောက်ထွက်ဖို့တစ်ခြား အဖိုးအဖွားကြီးတွေ နဲ့အတူ အစီစဉ်တွေဆွဲပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ နောက်တော့ သူရဲ့အတွေ့အကြုံတွေကို စာအုပ်ပြန်ရေးတဲ့အခါ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်လာတဲ့အပြင် ရုပ်ရှင်တောင်ပြန်လည်ရိုက်ကူးနိုင်ခဲ့ပါတယ်။

Somni and the Rebellion
ငါးခုမြောက် ဇာတ်လမ်းကတော့ ကမ္ဘာပျက်ခါနီး Dystopia Future လိုဖြစ်နေတဲ့ ၂၄၀၀ ခုနှစ်အကျော်(မှားနိုင်ပါတယ်)က ကိုရီးယားနိုင်ငံ ဆိုလ်မြို့မှာအခြေတည်ပါတယ်။ ဒီခေတ်မှာ Pa Pa Song ဆိုတဲ့ fast food restaurant ကအရမ်းနာမည်ကြီးနေပါတယ်။ အဲ့စားသောက်ဆိုင်မှာ စားပွဲထိုးတွေအဖြစ် clone လုပ်ထားတဲ့ကောင်မလေးတွေကို အသုံးပြုပါတယ်။ သူတို့ကို fabrication – လူကပြုလုပ်ထားခြင်း၊ ပုံမှန်လူတွေကို – Pure Blood- မျိုးစစ်တွေဆိုပြီး ခွဲခြားထားပါတယ်။ စားသုံးသူ ဧည့်သည်တွေက သူတို့ကို ဘာပဲလုပ်နေလုပ်နေ ဘာမှပြန်လုပ်ခွင့် ပြောခွင့်မရှိပါဘူး။ သူတို့လည်ပင်းမှာလည်း ကွင်းလေးတွေစွတ်ပေးထားပြီး စားသောက်ဆိုင်ရဲ့ မန်နေဂျာက ခလုတ်နှိပ်လိုက်တဲ့အခါ လည်ပင်းက ကွင်းလေးက လည်မျိုကိုဖောက်ပစ်လိုက်ပြီး ထွက်ပြေးလို့မရအောင် လုပ်ထားပါတယ်။ ပိုဆိုးတာက သူတို့ စားသောက်ဆိုင်မှာ လုပ်သက်များလာ လေလေ သူတို့ကွင်းလေးမှာ ကြယ်ပွင့်လေးတွေထိုးပေးပါတယ်။ ကြယ်ပွင့် ၇ ပွင့်ပြည့်တဲ့အခါ လွတ်လပ်မှုကိုပေးမယ်လို့လိမ်ညာထားပါတယ်။ အမှန်က တော့ clone တွေကိုသတ်ပစ်ပြီး အလောင်းတွေကို protein အားဆေးလုပ် တာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး clone တွေမှာ protein ဓာတ်တွေပြည့်ဝအောင်လို့ သူတို့ကိုကျွေးတဲ့ soap ဆိုတဲ့ဆေးဟာလည်း သူတို့ရဲ့ အလောင်းတွေကနေပြန်လည်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ မင်းသမီးက ခုနက clone တစ်ယောက်ဖြစ်တဲ့ Sonmi-451 ဖြစ်ပါတယ်။ စနစ်ကြီးကို တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Union Rebellion ရဲ့ တပ်မှူး Hae-Joo က Somni ကိုကယ်တင်ခဲ့ပြီး လူသားတစ် ယောက်သိသင့်တဲ့ အတွေးအခေါ်တွေ အနုပညာတွေကို သင်ပေးခဲ့ပါတယ်။ ဆိုးရွားတဲ့ အမှန်တရားကို သိရှိခဲ့ရပြီးနောက်မှာ Somni ဟာ တော်လှန်ရေးကို ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ဟာ အသံလွှင့်ရုံတစ်ခုကိုသိမ်းပိုက်ခဲ့ပြီး အမှန်တရားကို တစ်ကမ္ဘာလုံးသာမက ကမ္ဘာအပြင်ဘက်က ဂြိုလ်တွေဆီပါ ထုတ်လွှင့်ခဲ့ပါတယ်။ အစိုးရတပ်တွေဝင်တိုက်တဲ့အခါ တော်လှန်ရေးသမားတွေ အကုန်လုံးသေဆုံးသွားပြီး Somni ကိုတော့ အရှင်မိခဲ့ပါတယ်။ Somni ကိုမကွက်မျက်ခင် အစိုးရကိုယ်စားလှယ်တစ်ယောက် စစ်ဆေးပါတယ်။ Somni ကသူ့ကို အမှန်အတိုင်းအကုန်ပြောပြပြီးတဲ့နောက်မှာ သူက Somni ကို မင်းပြောခဲ့တောတွေအကုန်လုံးကို အမှားတွေလို့အစိုးရလုပ်လိုက်မှာပဲ၊ ဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ ဒါကိုသိနေရဲ့သားနဲ့ ဘာလို့အသေခံပြီး လုပ်တာလဲလို့မေးတဲ့အခါမှာ Somni က အနည်းဆုံးတော့ အခု တစ်ယောက်(သူ့ကိုစစ်မေးတဲ့သူ) သိရှိပြီးယုံသွားပြီလို့ပြောခဲ့ပါတယ်။

Zachry and Meronym
ဆဌမမြောက်ဇာတ်လမ်းကတော့ ခုန ဆိုလ်းမြို့ကရေတွေတက်လာလို့ ပျက်ဆီးသွားပြီး လူ့ယဉ်ကျေးမှုပျက်စီးသွားတဲ့နောက်မှာ Miami မှာနေထိုင်တဲ့ လူမျိုးစုတစ်စုက လူတစ်ယောက်ဖြစ်တဲ့ Zachry ရဲ့အကြောင်းဖြစ်ပါတယ်။ Zachry တို့လူမျိုးစုဟာ Sonmi ကိုဘုရားအဖြစ် ကိုးကွယ်ကြပါတယ်။ သူတို့လူမျိုးစုရဲ့ရန်သူ လူရိုင်းတွေဖြစ်တဲ့ Kona တွေဟာလည်း ကျွန်းပေါ်မှာပဲ နေထိုင်ပြီး သူတို့ကိုတွေ့တိုင်းသတ်ဖြတ်လေ့ရှိပါတယ်။ တစ်ရက်မှာ Zachry ဟာ သူ့ယောက်ဖနဲ့တူလေးနဲ့ အပြင်ထွက်နေတုန်း Koni တွေရောက်လာခဲ့ပါတယ်။ Koni တွေဟာ သူ့ယောက်ဖနဲ့ တူလေးကို သတ်ဖြတ်နေပေမယ့် Zachry ဟာကြောက်ရွံ့စွာနဲ့ ထွက်မကူညီပဲ ပုန်းအောင်း နေခဲ့ပါတယ်။ လူတွေဟာ Zachry ကိုအဲ့အချိန်ကစပြီး ကျဉ်ခဲ့ပါတယ်။ သူတို့လူမျိုးစုနဲ့ အမြဲတမ်းအဆက်အသွယ်ရှိနေတာကတော့ နည်းပညာအဆင့်မြင့်တဲ့ လူမျိုးစု Prescient တွေဖြစ်ပါတယ်။ Prescient တွေဟာ သူတို့နဲ့ အမြဲတမ်းအဆက်အသွယ်ရှိပြီး ထူဆန်းတဲ့ ယာဉ်ပျံကြီးတွေ နဲ့ရောက်လာတတ်ပါတယ်။ တစ်ရက်မှာတော့ Prescient တစ်ယောက်ဖြစ်တဲ့ Meronym ဟာ Zachry တို့ရွာမှာနေဖို့ခွင့်တောင်းခဲ့ပါတယ်။ Meronym ကို Zachry ရဲ့အမသူ့အိမ်မှာ လက်ခံခဲ့ပေမယ့် Zachry ကတော့သဘောသိပ်မကျခဲ့ပါဘူး။ Meronym ဟာသူတို့ကျွန်းပေါ်က တောင်ထိပ်ကို သွားချင်ပေမယ့် အဲ့ဒီ့တောင်ပေါ်မှာ မကောင်းဆိုးရွားကြီး Old Gerogie ရှိနေတဲ့အတွက် ဘယ်သူမှလိုက်မပို့ရဲကြပါဘူး။ တစ်ရက်မှာတော့ Zachry ရဲ့တူမလေးဟား အဆိပ်မိခဲ့ပါတယ်။ ကုဖို့ဆေးမရှိတော့ သေတော့မှာပါ။ Zachry ဟာ Meronym ကိုအကူအညီတောင်းခဲ့ပြီး သူ့တူမလေးကိုကယ်ရင် တောင်ထိပ်ကိုရောက်အောင်ပို့ပေးမယ်လို့ ကတိပေးခဲ့တဲ့အတွက် Meronym ဟာကယ်တင်ပေးခဲ့ပါတယ်။ တောင်ထိပ်ကို သွားရာလမ်းတစ်လျှောက်မှာလည်း Zachry ရဲ့ကြောက်စိတ်က Old Georgie အသွင်နဲ့လာရောက်ပြီးတော့ Meronym ကို သတ်ဖို့လာပြောနေပေမယ့် Zachry ကသူ့ကြောက်စိတ်ကိုအနိုင်ယူပြီးတော့ မသတ်ခဲ့ပါဘူး။ အမှန်ကတော့ သူတို့သွားနေတဲ့နေရာဟာ Somni ကအမှန်တရားကို တစ်ကမ္ဘာလုံးသိအောင် ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ရုံကြီးဖြစ် ပါတယ်။ ဘာလို့သွားနေရတာလဲဆိုတော့ ဒီကမ္ဘာကြီးကပျက်တော့မှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာနေထိုင်နေတဲ့ Zachry တို့ရော Prescient တွေရောအကုန်သေတော့မှာဖြစ်ပါတယ်။ အဲ့တော့ ဒီအသံလွှင့်ရုံကနေ တစ်ခြားဂြိုလ်တွေကို အချက်ပြပြီး ဒီကမ္ဘာပေါ်မှာ လူတွေရှိသေးတယ်။ လာကယ်ပါဆိုပြီး အကူအညီတောင်းမလို့ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ တစ်ခြားဂြိုလ်တွေ ရှိနေမှန်းတောင် မသေချာတော့ပါဘူး။ သူတို့နှစ်ယောက် အသံလွှင့်ရုံကနေပြန်လာတော့ Zachry ရဲ့ရွာဟာမီးလောင်နေတာကို တွေ့လိုက်ရပါတယ်။ တစ်ရွာလုံးသေသွားပြီဖြစ်ကာ Zachry ရဲ့တူမလေးပဲအသက်ရှင်ပါတယ်။ Zachry နဲ့သူ့တူမလေးတို့ Koni တွေလက်ကနေ အသက်လုပြေးခဲ့ပေမယ့် Zachry ရဲ့ယောက်ဖသေသွားတဲ့နေရာမှာပဲ သူတို့နှစ်ယောက်ကို ချောင်ပိတ်ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် Meronym ကလာရောက်ကယ်ဆယ်ခဲ့တာမို့ Koni တွေကိုပြန်လည်သတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Zachry တို့နှစ်ယောက်ဟာ Meronym နဲ့အတူ လိုက်သွားခဲ့ပါတယ်။ တစ်ခြားဂြိုလ်ကလာကယ်ခဲ့ပြီး အဲ့ဂြိုလ်ပေါ်မှာသွားရောက် နေထိုင်ခဲ့ပါတယ်။ Zachry နဲ့ Meronym တို့နှစ်ယောက်ဟာချစ်ကြိုက်ခဲ့ပြီး သားသမီး၊ မြေးမြစ်တွေ ထွန်းကားခဲ့ပါတယ်။

Conclusion
ဇာတ်လမ်း ၆ ပုဒ်က ဘယ်လိုဆက်ထားတယ်ဆိုတာကို ရုပ်ရှင်မှာ သေချာကြီးပြောမထားတဲ့အတွက် အမျိုးမျိုးနားလည်လို့ရပါတယ်။ ဒီဇာတ်ကောင်တွေဟာ ဘဝ အဆက်ဆက်တွေလို့ပြောတဲ့လူလည်းရှိပါတယ်။ ဥပမာ ပထမဇာတ်လမ်းက villain ကြီး Henry Goose ဟာ ဒုတိယမြောက် ဇာတ်လမ်းမှာ သူ့ရဲ့နောက်ဘဝမှာ Hotel Manager ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူးထင်ပါတယ်။ နောက်တစ်မျိုးပြောတာကတော့ ဇာတ်လမ်းအဆက်ဆက်က ဇာတ်ကောင်တွေက မျိုးဆက်တွေပါတဲ့။ ဥပမာ ပထမဇာတ်လမ်းက ထွက်ပြေးလာတဲ့ ကျွန် Autua ဟာ တတိယမြောက်ဇာတ်လမ်းက ဇာတ်လိုက်မ Luisa Rey ရဲ့ အဘေးအဘီဖြစ်သလို တစ်ခြားဇာတ်ကောင်တွေဟာလည်း အရင်ဇာတ်လမ်းက ဇာတ်ကောင်တွေရဲ့ မျိုးဆက်လို့ဆိုလိုချင်တာပါ။ တော်တော်ကြီးဖြစ်နိုင်ပေမယ့် ဇာတ်လမ်းရဲ့ အနှစ်သာရက အဲ့တာကိုပြောချင်တာလို့ မထင်ပါဘူး။ ကျွန်တော်ယုံကြည် တာကတော့ လူတစ်ယောက်ရဲ့ အပြုအမှုဆုံးဖြတ်ချက်တွေဟာ နှစ်ထောင်ချီသွားသည့်တိုင် အကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို ပြသွားတယ်ထင်ပါတယ်။ ဒါဟာ ကျွန်တော့်အထင်သက်သက်သာဖြစ်ပြီး မှားနိုင်တဲ့အတွက် ပရိတ်သတ်ကြီးတို့ အမြင်တွေကိုလည်း Comment ပေးသွားပါလို့ ပြောချင်ပါတယ်။

ကျွန်တော့်ထင်တာကို ရှင်းပြရရင်တော့ ပထမဆုံးဇာတ်လမ်းနောက်ဆုံးမှာ Adam Ewing တို့လင်မယားဟာ ကျွန်စနစ်ကိုတိုက်ဖျက်ဖို့ အရှေ့အရပ်ကို ထွက်ခွာခဲ့တယ်ဆိုပါတယ်။ အရှေ့အရပ်ဆိုတော့ အာရှအရှေ့ပိုင်းလည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အတွေးအခေါ်၊ လုပ်ရက်များဟာ ခြောက်ခုမြောက် ဇာတ်လမ်းက တော်လှန်ရေးသမားတွေကို clone တွေကိုကျွန်လုပ်နေတဲ့ စနစ်ကြီးကို တော်လှန်နိုင်အောင် လွှမ်းမိုးမှုပေးခဲ့ပါတယ်။

ဒုတိယဇာတ်လမ်းက ဂီတဆရာ Robert ဟာ Adam Ewing ရဲ့မှတ်တမ်းကို ဖတ်ခဲ့ပါတယ်။ သူဟာအချစ်မေတ္တာကိုတန်ဖိုးထားခဲ့ပြီး သူရဲ့ဆရာ Ayrs လို လောဘတက်ဂုဏ်မောက်ခြင်းမရှိခဲ့ပါဘူး။ သူဟာသူ့ချစ်သူ Sixsmith ဆီပို့တဲ့စာတွေကနေတစ်ဆင့် သူရဲ့အတွေးအခေါ်ကို သင်ပေးခဲ့တဲ့အတွက် Sixsmith ဟာ နာမည်ကြီး ရူပဗေဒပညာရှင်ဖြစ်လာတဲ့အခါမှာ တစ်ချိန်ချိန်မှာ ပေါက်ကွဲမယ့် နျူကလီးယားဓာတ်ပေါင်းဖိုကြီးဆောက်ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် Robert ရဲ့တေးသွား Cloud Atlas Sextet ကို သတင်းထောက်မ Luisa Rey ကကြားဖူးတယ်လို့ိဆိုပါတယ်။ ဒါပေမယ့် ဘယ်မှာကြားဖူးခဲ့သလဲဆိုတာကိုတော့ မပြထားပါဘူး။ နောက်တော့ Robert ဆရာအဖိုးကြီးက အဲ့တေးသွားကို အိပ်မက်မက်တော့ သူ့အိပ်မက်ထဲမှာ Pa Pa Song စားသောက်ဆိုင်မှာ ဖွင့်ထားတာကို ကြားခဲ့တာဖြစ်ပါတယ်။

Timothy ရဲ့စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါ အဲ့ရုပ်ရှင်ထဲက Dialouge တစ်ခုဖြစ်တဲ့ I will not be subjected to Criminal Abuse – မတရားမှုကို ငါသီးခံမှာမဟုတ်ဘူး ဆိုတဲ့ dialogue ဟာ နေ့စဉ်နဲ့အမျှ ဧည့်သည်တွေရဲ့ မတရားမှုကို ရင်ဆိုင်နေရတဲ့ Somni လိုclone တွေအတွက် ပြန်လည် တွန်းလှန်ဖို့တွန်းအားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ Somni တို့တော်လှန်ရေးပြီးသွားတဲ့အခါ ကမ္ဘာကြီးမှာဘာဖြစ်သွားတယ်ဆိုတာ မရှင်းပါဘူး။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ Somni ကိုစစ်ဆေးခဲ့တဲ့ အစိုးရကိုယ်စားလှယ်ကနေတစ်ဆင့် အမှန်တရားကို လူတွေသိလာပြီး clone တွေကိုကျွန်ပြုထားတဲ့ စနစ်ကို ဖျက်ဆီးခဲ့တယ်လို့ထင်ပါတယ်။ ဒါကြောင့်သာ Zachry တို့ခေတ်မှာ Prescient တွေဟာ နည်းပညာမြင့်ပေမယ့် ရက်စက် ကြမ်းကြုတ်ခြင်းမရှိပဲ သိမ်မွေ့နှုးညံ့တဲ့ခွင့်လွှတ်တတ်တဲ့သူတွေဖြစ်နေတဲ့ အပြင် Zachry တို့ကိုလည်း ကယ်တင်ခဲ့ပါတယ်။

နောက်ဆုံးပြောချင်ဒါကတော့ တစ်ကားလုံးဟာ Somni ရဲ့စကားဖြစ်တဲ့ our lives are not our own, from womb to tomb, we are bound to others, past and present. And by each crime and every kindness we birth our future – ငါတို့ဘဝတွေဟာ ငါတို့နဲ့ပဲ သက်ဆိုင်တာမဟုတ် ပါဘူး။ ငါတို့ရဲ့ အတိတ်နဲ့ ပစ္စုပန်ဟာ သန္ဓေသားကနေ သေသည်အထိ တစ်ခြားဘဝတွေနဲ့ ဆက်စပ်နေပါတယ်။ ငါတို့ပြုလုပ်တဲ့ ပြစ်မှုတိုင်းနဲ့ ချစ်ခင်ကြင်နာမှုတိုင်းဟာ ငါ့တို့ရဲ့အနာဂတ်ကို ပြောင်းလဲစေပါတယ် – ဆိုတဲ့ စကားလေးတစ်ခွန်းပေါ်မှာအခြေခံထားတာလို့ ကျွန်တော်ယုံကြည်ပါတယ်။

Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p
Format…mp4
Duration…02:52:00
Genre : Action, Drama, Mystery
Subtitle : Myanmar Subtitle (Hard Sub)
Translated by Crystal Win
Encoded by Phyo Pyae


0 comments:

Post a Comment